- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
- ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်
- အိန္ဒိယ မီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ
- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
ကျောက်တော် - မြောက်ဦး ကားလမ်းမတွင် ဓားပြတိုက်မှုများ ရှိလာနေ
အဆိုပါ လမ်းမတစ်လျှောက်ရှိ လူပြတ်သည့်နေရာများ၊ ခြုံနွယ်ထူထပ်သည့် နေရာများတွင် မျက်နှာဖုံးစွပ်ထားသည့် လူသုံးဦးထက်မနည်းသည် ဓားများကိုင်ဆောင်ကာ သွားလာနေသည့် ဒေသခံများကို တားဆီးပြီး ရွှေ၊ ငွေ၊ ဖုန်းစသည့်ပစ္စည်းများကို ဓားပြတိုက်လုယက်မှုများ ရှိနေခြင်းဖြစ်သည်။
18 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်၊ ကျောက်တော် - မြောက်ဦး အာရှကားလမ်းမရှိ တစ်နေရာအချို့တွင် ဆိုင်ကယ်၊ ခြေလျှင်ဖြင့် သွားလာနေသူများထံမှ အုပ်စုဖွဲ့ ဓားပြတိုက်လုယက်မှု များရှိလာနေ၍ ဒေသခံများကြား စိုးရိမ်မှုမြင့်တက် နေကြသည်။
အဆိုပါ လမ်းမတစ်လျှောက်ရှိ လူပြတ်သည့်နေရာများ၊ ခြုံနွယ်ထူထပ်သည့် နေရာများတွင် မျက်နှာဖုံးစွပ်ထားသည့် လူသုံးဦးထက်မနည်းသည် ဓားများကိုင်ဆောင်ကာ သွားလာနေသည့် ဒေသခံများကို တားဆီးပြီး ရွှေ၊ ငွေ၊ ဖုန်းစသည့်ပစ္စည်းများကို ဓားပြတိုက်လုယက်မှုများ ရှိနေခြင်းဖြစ်သည်။
“ရွာက လူတစ်ယောက်ဆိုရင် မျက်နှာဖုံးထားတဲ့ လူသုံးယောက်က သူ့ကို ချုပ်ပြီး ဖုန်းလုတယ်လို့ ပြောတယ်။ သူ့လက်တွေကိုပါ ဓားနဲ့ ခြစ်ထားခဲ့တာ။ အနီးအနားရွာက တစ်ယောက်ဆိုရင်လည်း ဓားကိုင်ထားတဲ့သူတွေက သူ့ကိုတားပြီးတော့ ဓားပြတိုက်လို့ ပစ္စည်းတွေ ပါသွားတယ်” ဟု ကျောက်တော်မြို့နယ်၊ ကျီရာပြင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယခု ဖေဖော်ဝါရီလ အစောပိုင်းက ကျောက်တော်မြို့နယ်၊ ကျီရာပြင်ကျေးရွာမှ လူငယ်တစ်ဦးမှာ တောင်ဦးကျေးရွာအနီးတွင် ဓားပြတိုက်ခံခဲ့ရပြီး ၎င်းမှာ ဓားရှဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
“အဲဒီနေရာတွေမှာက မနက်ဆိုရင် ဈေးရောင်း ဈေးဝယ်သူတွေ၊ ညနေဆိုရင်လည်း ခရီးသွားနေတဲ့သူတွေ အမြဲသွားလာနေကြတာ။ အခုက တစ်ယောက်တည်းသွားလို့ရှိရင် လုံးဝမလုံခြုံတော့တဲ့ အခြေအနေ။ အုပ်စုဖွဲ့ပြီး ပစ္စည်းလုတာတွေ ကြုံရတယ်” ဟု ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း ကျောက်တော် - မြောက်ဦး ကားလမ်းမရှိ တောင်ဦးကျေးရွာအနီးအပါအဝင် လူပြတ်လပ်သည့် နေရာအချို့တွင် အုပ်စုဖွဲ့ ဓားပြတိုက်လုယက်မှု ဖြစ်စဉ် ၃ ခုထက်မနည်းရှိလာကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဉ်များမှာ နံနက်အစောပိုင်းနှင့် ညနေပိုင်း လူပြတ်သည့် အချိန်များတွင် ဓားပြတိုက်လုယက်ခံရမှုများ ဖြစ်ပွားနေ၍ လမ်းသွားလမ်းလာ ဒေသခံများမှာ အခက်ကြုံနေကြရသည်။
“ပုံမှန်ဆို မြောက်ဦး - ကျောက်တော်ကို တစ်ယောက်တည်း သွားနေကျ။ အခုက အုပ်စုလိုက် လက်နက်နဲ့ လုယက်တာဆိုတော့ အသက်အန္တရာယ် စိုးရိမ်ရလို့ မသွားရဲတော့ဘူး။ အဖော်နဲ့ သွားရမှာတောင် စိတ်မချ ဖြစ်နေရတယ်” ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကားလမ်းမတစ်လျှောက်ရှိ နေရာချို့တွင် ဓားပြတိုက်လုယက်မှုများရှိလာနေမှုကို တားဆီးနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးရန်လည်း ဒေသခံများက တောင်းဆိုကြသည်။
လက်ရှိတွင် ကျောက်တော် - မြောက်ဦး ကားလမ်းတစ်လျှောက်ရှိ ဓားပြတိုက်လုယက်သူများ ပုန်းခိုနိုင်သည့် ခြုံထူထပ်သည့် နေရာများကို အာရက္ခတပ်တော် (AA) က ရှင်းလင်းလျှက်ရှိကြောင်း သိရသည်။